Saturday, February 4, 2017

ကမ္ဘာကြီးက ခြောက်သွေ့ပြီး မီးလောင်ပြင်တစပဲ။

ကမ္ဘာကြီးက ခြောက်သွေ့ပြီး မီးလောင်ပြင်တစပဲ။
နောက်တော့ နည်းနည်း နေသားကျလာတယ်၊ စိမ်းစိမ်းလန်းလန်းမဟုတ်ပေမယ့်လည်း။
သူ့ကို တွေ့ရှိတယ် ဒီရွက်ကြွေတွေ တောမှာ တစ်ခုတည်းသော ရွက်သစ်လေးလို။ စမ်းရေတွေ ပြန်စီးစပြုလာတယ်၊ ငှက်တွေ ပြန်တေးဆိုကြတယ်၊ နေရောင်ခြည်နွေးနွေးကို ပြန်ရတယ်၊ လေနီကြမ်းတွေကနေ လေပြည်လေညှင်းတွေ အဖြစ် ပြောင်းသွားတယ်။ သစ်သီးတွေ ပိုချိုလာတယ်။ ဒီလိုလေးပဲ အေးအေးဆေးဆေးပဲ နေချင်လို့ လူငယ်လေးတစ်ယောက်ဟာ ဘုရားမှာ ဆုမတောင်းစဖူး ဆုတောင်းတယ်။ သူ့မှာ ရှိတဲ့ ဥာဏ်ပညာ၊ခွန်အား အကုန်ပေးပါ့မယ်၊ ဒီလိုလေးပဲ ဆက်ငြိမ်းချမ်းခွင့်ပေးပါပေါ့။ ဆုတောင်းပြည့်ခဲ့တယ် ထင်တယ်။
လျှောက်လာတဲ့ လမ်းတစ်လျှောက် တော်တော်ကြီးရောက်မှ ဗြုန်းဆို လက်တွဲဖြုတ်သွားခဲတဲ့ အခါ ဘုရားသခင်ဟာ ကြည့်နေရက်ခဲ့တယ်။ လမ်းတွေဟာ ပိုကြမ်းလာတယ်၊ လူငယ်လေးဟာ အဲဒီလက်လေးကို ဖမ်းဆွဲတယ်၊ အခိုးအငွေ့ကို ဖမ်းဆုပ်ရသလိုမျိုးပဲမို့ မမီပါဘူး။
သူကျန်ခဲ့တယ်၊ဒါမှ မဟုတ် သူနေခဲ့တယ်။ သူကျန်နေခဲ့ရပါတယ်။
တောပန်းတောင်ပန်းတွေ ပွင့်နေပေမယ့် ဆူးချုံပန်းခက်တွေ ငုံထားတယ်။ စမ်းရေမစီး၊ငှက်ကျေးသံတွေ မကြားရတော့ဘူး။ နေရောင်ဟာ တောင်ကွယ်ဆီ မေးတင်လာပြီ၊ ရွက်ကြွေတွေ ပြန့်ကြဲလို့။
နောက်ဆုံးအခြေအနေရောလို့ မေးရင် အပေါ်ဆုံးစာကြောင်းနဲ့တင် လုံလောက်ပါတယ်။

ရိုးလူ
16.1.2017
1:37pm

Saturday, January 7, 2017

အလင်းဆိုင်

အလင်းဆိုင်
======

"အိမ်ပြန်ချင်တယ် ဟူး ဟူး၊အနွေးထွေးဆုံး အမေ့အိမ်"
ကိုငှက်ရဲ့ သီချင်းတွေ လွင့်ပျံလို့။
အလင်းဆိုင်တဲ့၊ ကြားရတာနဲ့ကို နွေးနွေးလင်းလင်းလေး။
ဘယ်မှာ ရှိသလဲ၊သွားမယ်၊ မြို့ထဲကနေတော့ တစ်နာရီခွဲလောက် သွားရမယ်။ မြောက်ဒဂုံ ရ/၈ လမ်းဆုံမှာ ရှိတဲ့ ဆိုင်လေး၊ အဓိပတိ အဝါတို့၊ ၁၇၄တို့၊ ၂၁၃ တို့ ပြေးတဲ့ လမ်းကြောင်းပေါ်။
ဆိုင်ထဲကို ဝင်တဲ့ အခိုက်မှာပဲ၊ အရာရာဟာ ဖမ်းစားလွန်း။ နံရံအပြည့် ပန်းချီကားတွေ၊ ကဗျာလက်ရေးမူတွေ။ ရှေ့အဝင်မှာ ကိုငှက် (ထူးအိမ်သင်)က ချစ်ခြင်းအားဖြင့် ပြုံးပြလို့။ ဆိုင်တည်ဆောက်ပုံကကို အနုပညာဆန်တာ။ သစ်သားစားပွဲ၊ကုလားထိုင်လေးတွေပေါ် ထိုင်ပြီးတဲ့ အထိ ကိုယ်တို့မှာ ခေါင်းခါခါ လည်ခါခါ၊ မြင်မြင်သမျှက ပြုစားထားသလိုမျိူး။
Menu ကြည့်တော့ coffee မျိူးစုံရတယ်၊ iced coffee ရတယ်၊ juices တွေ ရတယ်။ လက်ဖက်သုပ်၊ပဲခြမ်းသုပ်စတာမျိုးရတယ်၊ ကြက်ကြော်၊ sandwich စတာမျိုးလည်း ရတယ်။ စျေးတွေလည်း ချိုတယ်။ အလင်းဆိုင်ကော်ဖီဆိုတာ စမ်းသောက်ကြည့်ကြ။ coffee တစ်ခွက်နဲ့ ကိုငှက်သီချင်းတွေနဲ့ ပျော်ဝင်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းနေနေကြ။
ပြီးတော့မှ သေချာ ဆိုင်တစ်ပတ်ပတ်ကြည့်ပြီး ခံစား၊ တစ်ချို့ဟာတွေက ဓာတ်ပုံရိုက်ဖို့ မဟုတ်၊ ဒီတိုင်း ရင်သပ်ရှုမောခံစားနေတာ ပိုကောင်းရ။ ဆရာတာရာမင်းဝေ၊ ဆရာ သစ္စာနီတို့ရဲ့ ကဗျာတွေ၊ ကိုငှက်ပုံတူ ပန်းချီတွေ၊ ကိုငှက်ရဲ့ အငွေ့အသက်တွေ၊ ပန်းချီကားတွေ တစ်ချပ်ပြီး တစ်ချပ်။ ဆိုင်ထောင့်က စာအုပ်စင်လေးက စာအုပ်လည်း ယူဖတ်နိုင်၊ ဘယ်လို idea နဲ့ ဘယ်လို စေတနာမျိုးလဲ၊ ကိုယ့်မှာ ကျေးဇူးတင် အံ့သြရ။
ဆို်င်ရဲ့ ညာဘက်ခြမ်းဟာ မီးရောင်ပြာလဲ့လဲ့နဲ့ အေးစက်ညင်သာ၊ ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းဟာ သဘာဝအလင်းရောင်နဲ့ နွေးထွေးဖြာကျ။ စနေ၊တနင်္ဂနွေ မှာ တီးဝိုင်းနေရာလေးမှာ တီးကြ၊ဆိုကြသေးသတဲ့။ ဝါသနာပါတဲ့ သူတွေ အကြိုက်ပဲ။
ရှေးက ရှားပါးဇာတ်ကား ပိုစတာတွေ၊ လက်မှုပစ္စည်းတွေက ထပ်ခံစားရနိုင်တဲ့ အပိုဆု။
ကုန်ကုန်ပြောရရင်ကွယ်၊ မြို့ပြရဲ့ ဆူညံပွက်လောင်မှုတွေက ခဏပြေးချင်သူတွေအတွက် နှစ်မြုပ်ရင် နှစ်မြုပ်နိုင်သလောက် အချိန်တွေ ဘယ်လောက်ကုန်သွားမှန်း မသိစေတဲ့ နေရာတစ်ခု၊ အဲ့ဒါ အလင်းဆိုင်။

#ရိ်ုးလူ




Thursday, December 29, 2016

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။

နဝဒေးလမ်းက ဆိုင်တွေချည်းပဲ ဓာတ်ကျနေလို့ ထင်တယ်။ ဒီတစ်ခေါက်လည်း #Shan_Kitchen ဆိုတဲ့ ဆိုင်လေးအကြောင်း ရေးဦးမယ်။
================================================================================
Shan Kitchen ဆိုတာ ဒဂုံ (၁) ကျောင်းရှိတဲ့လမး် နဝဒေးလမ်း၊Craft Cafe' နဲ့ မျက်နှာချင်းဆိုင်မှာပါ ။ လိပ်စာ အတိအကျဆိုရင်တော့
26/4 Nawaday Street, Dagon Township
Yangon, Myanmar လို့ ပြောထားတယ်ဗျ။ မနက် ၈နာရီကနေ ည၁၀နာရီအထိ ဖွွင့်ပါတယ်တဲ့။
ကျွန်တော်တို့ရောက်တဲ့ အချိန်က နေ့လည်စာနဲ့ ညနေစာချိန်ဆိုတော့ Heavy
ကြီး မမှာဖြစ်ဘဲ မြီးရှည်တစ်ပွဲ၊ ငါးထမင်းနယ်တစ်ပွဲနဲ့ သူတို့ recommend ပေးတဲ့ ကြက်ရေခွံကြော်မှာစားဖြစ်တယ်။ ဒါတောင် ဟင်းထုပ်တို့၊ စိတ်ဝင်စားစရာ မေမြို့ကော်ဖီတို့ ထပ်မှာချင်သေးတာ။ မီးပျက်နေလို့ တစ်ချို့ဟာတွေ မရဘူးတဲ့။ :3
မြီးရှည်ကတော့ ကောငး်တယ်ဗျာ။သွားရင် မြီးရှည်လေးတော့ စားကြည့်စေချင်တယ်။ သူ့အနှစ်နဲ့ သူအနေတော်ပဲ။ အသားတွေလည်း များများပါတယ်။ တစ်ပွဲစားပြီး နောကတစ်ပွဲ စားချင်လာတာမျိုး။ :D
ငါးထမင်းနယ်ကတော့ ပုံမှန်ပဲ။ ကျွန်တော့်ပါးစပ်ထဲ နည်းနည်းပေါ့နေသလိုတောင် ခံစားရ။ ထမင်းလည်း များတယ်။ Recommend လုပ်ပေးထားတဲ့ ကြက်ရေခွံကြော်ကတော့ ကောင်းတယ်ဆိုတဲ့ အထဲ ပါတယ်၊ အရမး်ကြီး ဒါ မှ ဒါ တမ်းတမ်းစွဲလောက်တော့ မဟုတ်ဘူးပေါ့လေ။ စားပျော်တယ်။
စျေးကတော့ တန်တယ်ဗျို့ ။ အဲ့ဒါ သုံးပွဲနဲ့ ရေသန့်တစ်ဗူးမှာတာမှ ရ,၀၀၀ ကျော်လောက်ပဲ ကျတယ်။ သူ့နေရာ၊သူ့အဆိုင်အပြင်အဆင်၊ သူ့ အရသာနဲ့ဆို တန်တာပေါ့။မှာထားပြီး စောင့်ရတဲ့ အချိန်လည်း မကြာတော့ ဗိုက်ဆာနေတုန်း သွားစားဖို့ သင့်တော်တဲ့ ဆိုင်ထဲမှာလည်း ပါတယ်။ ဝန်ထမ်းလေးတွေကလည်း ဖော်ရွေကြတယ်။
ကျွန်တော်ကတော့ နောက်တစ်ကြိမ်သွားပြီး ဟင်းထုပ်နဲ့ မေမြို့ကော်ဖီ၊ သူတို့ ပြောတဲ့ ငါးသံပုရာပေါငး်ရော ထပ်စားကြည့်ဖို့ စိတ်ကူးထားတယ်။ ကိုယ့်လို အစားသမားတွေလည်း ဒီနေရာကပဲ လက်တို့လိုက်တယ်နော်။ စျေးတွေ ကြည့်ရအောင်လည်း Menu ပါ တင်ပေးလိုက်တယ်ဗျ။


Shan Kitchen
==========
Taste ***
Price ****
Service ****
Hygiene ****
Place ***

#ရိုးလူ










Tuesday, December 13, 2016

Messenger Features အသစ်တွေနဲ့ My Day Function အသစ်

မင်္ဂလာပါဗျာ။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ နည်းပညာတိုးတက်လာလိုက်တာ အခုဆို Facebook Messenger တောင် အရင်နဲ့ မတူတဲ့ features အသစ်လေးတွေ ပါလာပါပြီ။ Messenger ကနေ ပုံလေးတွေကို အလှဆင် doodleတွေ ဆွဲပြီး ချက်ချင်းပို့လို့ရပါပြီ ခင်ဗျ။ ဒါ့အပြင် ကိုယ့်ဓာတ်ပုံလေးတွေကို တစ်ရက်တာ တင်ထားလို့ ရပြီး ဘယ်သူလာကြည့်လဲပါ ကြည့်လို့ ရတဲ့ My day ဆိုတဲ့ function လေးကိုပါ တွဲပြီး ပါလာတာပါ။ အသေးစိတ်ကိုတော့ ပုံလေးတွေ ထောက်ကြည့်ပေးပါဦး။
Hello,Hi, Love စသည်ဖြင့် ရိုက်လိုက်တာနဲ့ စာသားဘေးမှာ ဒီလို camera icon လေးပေါ်လာမှာပါ။

Smiley ပုံလေးကို နှိပ်လိုက်ရင်တော့ ဒီလို ကိုယ်ကြိုက်တဲ့ Frameလေးတွေ၊အရုပ်လေးတွေ ရွေးလို့ရပါပြီ

Aa ဆိုတာလေး နှိပ်ပြီးတော့လည်း စာထပ်ရေးလို့ ရပါသေးတယ်။ ဘေးက မျဉ်းကွေးလေးကတော့ doodle ပါ၊ ပုံပေါ်မှာ စာဝိုင်းပြတာတို့၊အရုပ်ထပ်ဆွဲတာတို့ လုပ်နိုင်ပါသေးတယ်။

အခုလို ရွေးချယ်ပြီးသွားရင်တော့ ပို့ရုံပါပဲဗျာ

ဒါကတော့ My day functionပါ။ အရင်လို ကိုယ့်သူငယ်ချင်းတွေဆီ ပို့ရုံမက ကိုယ်ကြိုက်တဲ့ ပုံရှိရင်လည်း send My Day လုပ်ပြီး တစ်ရက်တာ မျှဝေလို့ ရပါတယ်။ ဘယ်သူတွေ လာကြည့်လဲပါ သိရဦးမှာနော်











Saturday, December 10, 2016

တောင်ဝိုင်းတောင်သွား တောလား

တောင်ဝိုင်းတောင်သွား တောလား

                                           =======================

ရှေ့လက ဒီဇင်ဘာဆိုတော့ ခရီးသွားကြတော့မှာပေါ့နော်။ ခရီးသွားတာမှာ စိတ်အပန်းဖြေဖို့၊အနားယူဖို့ သက်သက်သွားတဲ့ ခရီးနဲ့ စွန့်စွန့်စားစားတွေ သွားချင်၊လုပ်ချင်လို့ ထွက်တဲ့ ခရီးဆိုပြီး ၂မျိုး ရှိတာမှာ၊ အချိန်လည်း သိပ်မပေးနိုင်၊ပိုက်ဆံလည်း သိပ်မကုန်ဘဲ တောင်တက်ခရီးလေးသွားချင်တယ်ဆိုရင်တော့ ခုခေတ်စားနေတဲ့၊ ကရင်ပြည်နယ်က တောင်ဝိုင်းတောင် ခရီးကို ရွေးသင့်ပါတယ်။
တောင်ဝိုင်းကို သွားမယ်ဆို ကိုယ့်အစီအစဉ်နဲ့ ကိုယ်၊ကိုယ့်ကားနဲ့ကိုယ်သွားလို့ ရသလို Tour package တွေနဲ့လည်း သွားလို့ ရပါတယ်။ ကျွန်တော်ကတော့ Tour နဲ့ပဲ သွားတာမို့ Tour နဲ့ အတွေ့အကြုံလေးတွေပဲ ပြောပြပါ့မယ်။
ဘားအံ- တောင်ဝိုင်းတောင်- - ချစ်သူမြိုင် - လွန်းညရေပြာအိုင် -ခရီးစဉ်ကို တစ်ယောက်ကို ၃၉,၀၀၀ ကျပ် ကျပါတယ်။ မနက်စာ၊နေ့လည်စာ၊ညစာ၊ကားခ၊ တစ်ဆင့်သွားကားခရေသန့်၊စနိုးတာဝါ ၊သွားတိုက်ဆေး၊သွားပွတ်တံ စတဲ့ services တွေ အကုန်အပါအပြီးအစီးပါ။
ည ၁၀နာရီမှာ ကားစထွက်ပါတယ်။ အသာလေးအိပ်လိုက်သွားပြီး ၃နာရီလောက် မောင်းပြီးသွားရင် အဆာပြေ စားဖို့ သူတို့ကားကို ၇၃မိုင်မှာ ခရီးတစ်ထောက် ရပ်ပေးပါလိမ့်မယ်။ ကျွန်တော်တို့ သွားတဲ့ အချိန်ကတော့ Super moon နဲ့ ကပ်နေတော့ အလွတ်မခံဘဲ သွက်သွက်လက်လက် မြန်မြန်စားပြီး selfie တွေ ဘာတွေ ဆင်းဆွဲကြသေးတယ်။ :D သြော်..တစ်ခုကတော့ အဲဒီ ခရီးတထောက်စားတဲ့ မုန့်ဖိုးကတော့ ကိုယ့်ဘာသာကိုယ် ရှင်းရတာပါ၊ Package ထဲမှာ မပါပါဘူး။ :3
အဲဒီကနေ ဆက်သွားပြီးတော့ မနက် ၆နာရီလောက်ဆို ဘားအံမြို့ထဲ ရောက်ပါပြီ။နောက်တစ်ကြိမ် ဝါးတီးပေါ့ဗျာ၊ဒါကတော့ Package ထဲပါတယ်ဗျ။ စားပြီးရင်တော့ တောင်ဝိုင်းသွားဖို့ ကားပြောင်းစီးရတယ်ဗျ၊ Light Truck နဲ့ပေါ့။ ဘားအံကနေ တောင်ဝိုင်းတောင်ခြေကို ၄၅မိနစ်လောက် ထပ်စီးရသေးတယ်၊ကားပေါ်မှာ ဟိုပြောဒီပြော ရှုခင်းတွေ ကြည့်၊ တကယ်ပျော်စရာကြီးပါ။
ဟော..တောင်ခြေရောက်တော့ အအေးတို့၊မုန့်တို့ ရောင်းတဲ့ ဆိုင်လေးတွေ အစီအရီရှိတယ်။ရောင်းသူမဲ့ဆိုင်လေးတွေတောင် ရှိတယ်။ ဒီမှာ အကြံပေးချင်တာက တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးဝတ်သွားပါ။ ချောတတ်တဲ့ ဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေ လုံးဝမစီးပါနဲ့။ ပါလာတဲ့ အထုပ်တွေကို ကားတွေပေါ်မှာ ထားခဲ့လို့ ရပါတယ်။ ပြီးတော့ ရေများများ တောင်ခြေကနေ ဝယ်သွားပါ။ တောင်ခုလတ်မှာ ရေရောင်းတာလေး တစ်ခုပဲ တွေ့ခဲ့လို့ပါ၊ဒါတောင် ကုန်နေပါတယ်။ ၁နာရီခွဲ၊ ၂နာရီလောက်တက်ရပါတယ်။ စအတက်မှာတင် တောင်က စမတ်ပါတယ်။ :D ၁၀ မိနစ်လောက်တက်ပြီးရင် ကိုယ့်အခြေအနေကိုယ်သိသွားကြပါပြီ။ ကိုယ်တက်နိုင်လား၊ ဒီမှာပဲ ဆင်းသင့်လားဆိုတာ။ ကျွန်တော်ကတော့ မဆင်းစေချင်ပါဘူး။ တောင်ထိပ်က ရှုခင်းက တက်ခဲ့ရသမျှ ကျေအောင် လှပါတယ်။
ကျောက်စွန်းတွေ ချောတဲ့ နေရာတွေ ရှိပါတယ်။ တချို့ မြေသားလှေကားဆံတွေက ကျဉ်းတော့ ဘေးတိုက် ဂဏန်းလို တက်ရတဲ့ နေရာတွေ ရှိပါတယ်။ သတိထားရင်တော့ အရမ်း အန္တရာယ်ဖြစ်တဲ့ နေရာထဲ မပါပါဘူး။ ကျွန်တော်တို့ကတော့ တက်သွားလိုက်တာ ရောက်ခါနီး မိနစ် ၂၀လောက်မှာ လူငယ်ပေမယ့် အသက်ထွက်မတတ်မောပါတယ် :D။ ဟော..တောင်ထိပ်ကို ရောက်ပါပြီ။ ဖြစ်နိုင်ရင် တောင်ထိပ်ကို နေမပူခင်တက်စေချင်ပါတယ်။ ကျွန်တော်တို့ ရောက်တော့ အရမ်းနေပူတော့ လူတွေ နုံးပြီး ဓာတ်ပုံတွေ ထင်သလောက် မရိုက်နိုင်တော့ဘူး။
ရှုခင်းကတော့ အရမ်းကို လှပါတယ်။ ဘုရားလည်း ဖူးရင်း၊နာမည်ကြီး မိုးပျံသံလှေကားမှာ ဓာတ်ပုံတွေ ရိုက်၊ ဟိုးအောက်ခြေက ရှုခင်းတွေက တမေ့တမော၊ အပေါ်က ကောင်းကင်ကြီးကို ခံစား၊ ငါဒါကြီးကို တက်နိုင်ခဲ့ပါလား ဂုဏ်ယူနဲ့ အလုပ်တွေ ရှုပ်နေတာပေါ့ဗျာ။
မိနစ် ၂၀၊နာရီဝက်လောက်နေပြီးရင်တော့ ပြန်ဆင်းလာကြပါတယ်။ တောင်အောက်ဆင်းဖို့လည်း ၄၅ မိနစ်၊မိနစ် ၅၀လောက် ကြာပါတယ်၊ အဆင်းပိုသတိထားပါ၊ မတ်လည်း မတ်၊ချောလည်း ချောနေလို့ပါ။
တောင်ခြေပြန်ရောက်တော့ ၁၂လောက်ရှိနေပါပြီ၊ တခြားသူတွေကိုလည်း စောင့်ရသေးတာကိုး။ အဲ့ဒါပြီးရင်တော့ ထမင်းဆိုင်သွားပါပြီ၊ ထမင်းဆိုင်ဆိုပေမယ့် ရေချိုးခန်းဘာညာ သီးသန့်ပါတဲ့အတွက် အတော်အဆင်ပြေပါတယ်။ လူတွေလည်း ပြိုင်းနေကျတာမို့ ရေချိုး၊ထမင်းစား၊၁နာရီလောက်နားပေါ့။
အဲ့ဒါပြီးရင်တော့ လွန်းညရေပြာအိုင်ရောက်ပါတယ်။ ရေပြာအိုင်ကတော့ ကျွန်တော်တို့ ရောက်တုန်းက သိပ်မပြာတော့ပါဘူး 😞။ လူလာများတာကြောင့်လို့ ပြောတယ်။ မိုးရာသီနဲ့ လူပါးချိန်ဆို ပြာပါတယ်တဲ့၊ ဒါမယ့် ဘားအံဟာ တောင်တွေ မားမားမတ်မတ်ရှိတာနဲ့ကို ရောက်ရတာ တန်ပါတယ်။
အဲ့ဒီက အပြီးမှာ ချစ်သူမြိုင်ပို့ပါတယ်၊ ဒီခရီးစဉ်မှာ မသွားလည်း ရတာ ချစ်သူမြိုင်ပါ(ကျွန်တော့်အမြင်သက်သက်)။ ချစ်သူမြိုင်ဆိုတာ အပန်းဖြေဥယျာဉ်တစ်ခုပါ။ ဘယ်လိုခံစားရလဲဆိုတော့ ရန်ကုန်မှာ Game City ဖွင့်ကာစ ရောက်လာတဲ့ လူအုပ်ကြီးကို ပြန်မြင်နေရသလိုပါပဲ 😯။ ပန်းကြိုက်တဲ့ သူတွေအတွက်တော့ သစ်ခွမျိုးစိတ်စုံ ပြထားတဲ့ ပန်းခင်းကြီး တစ်ခုလုံး ရှိပါတယ်။ ဝါသနာပါရင် ဂျက်စကီးစီးလို့ရပါတယ်၊ ပန်းခြံဝင်ကြေးနဲ့ ဂျက်စကီးစီးခစတာတွေက ကိုယ့်ဘာသာကိုယ်ပေးရမှာပါ။
အဲဒီကနေ အပြန် နောက်ဆုံးအနေနဲ့ ဘုရင့်ညီဂူပို့ပါတယ်။ Post ရှည်မှာစိုးလို့ သမိုင်းကြောင်းကို နောက်မှ ရေးပါတော့မယ်။ ဖူးစရာစေတီတွေနဲ့၊ ရေပူစမ်းလည်း ရှိတဲ့နေရာပါ။ ရေပူစမ်းကန်ကို ယောကျာ်းမိန်းမခွဲထားပါတယ်။ အဲဒီနားတဝိုက်မှာ အမှတ်တရလက်ဆောင်အရောင်းဆိုင်လေးတွေရှိပြီး လက်ဆောင်ဝယ်လို့ ရပါသေးတယ်။
အားလုံးပြီးရင်တော့ အပြန်ခရီးစပြီပေါ့ဗျာ၊ ည၉နာရီလောက်မှာ ကျိုက်ထိုက ဘဲလေးမှာ ညစာစားဖို့ ရပ်ပေးပြီး ည ၁၂လောက်ကျတော့ ရန်ကုန်ပြန်ဝင်ပါတယ်၊
ကဲ! ဘော်ဒါတို့လည်း တောင်တက်ခရီးလည်းဝါသနာပါတယ်ဆိုရင် post လေး ဖတ်ပြီး၊ ဆောင်ရန်ရှောင်ရန်လေးကြည့်ပြီး သွားကြပေါ့ဗျာ။ ပျော်စရာခရီးတစ်ခုဖြစ်မှာပါ။