Saturday, February 4, 2017

ကမ္ဘာကြီးက ခြောက်သွေ့ပြီး မီးလောင်ပြင်တစပဲ။

ကမ္ဘာကြီးက ခြောက်သွေ့ပြီး မီးလောင်ပြင်တစပဲ။
နောက်တော့ နည်းနည်း နေသားကျလာတယ်၊ စိမ်းစိမ်းလန်းလန်းမဟုတ်ပေမယ့်လည်း။
သူ့ကို တွေ့ရှိတယ် ဒီရွက်ကြွေတွေ တောမှာ တစ်ခုတည်းသော ရွက်သစ်လေးလို။ စမ်းရေတွေ ပြန်စီးစပြုလာတယ်၊ ငှက်တွေ ပြန်တေးဆိုကြတယ်၊ နေရောင်ခြည်နွေးနွေးကို ပြန်ရတယ်၊ လေနီကြမ်းတွေကနေ လေပြည်လေညှင်းတွေ အဖြစ် ပြောင်းသွားတယ်။ သစ်သီးတွေ ပိုချိုလာတယ်။ ဒီလိုလေးပဲ အေးအေးဆေးဆေးပဲ နေချင်လို့ လူငယ်လေးတစ်ယောက်ဟာ ဘုရားမှာ ဆုမတောင်းစဖူး ဆုတောင်းတယ်။ သူ့မှာ ရှိတဲ့ ဥာဏ်ပညာ၊ခွန်အား အကုန်ပေးပါ့မယ်၊ ဒီလိုလေးပဲ ဆက်ငြိမ်းချမ်းခွင့်ပေးပါပေါ့။ ဆုတောင်းပြည့်ခဲ့တယ် ထင်တယ်။
လျှောက်လာတဲ့ လမ်းတစ်လျှောက် တော်တော်ကြီးရောက်မှ ဗြုန်းဆို လက်တွဲဖြုတ်သွားခဲတဲ့ အခါ ဘုရားသခင်ဟာ ကြည့်နေရက်ခဲ့တယ်။ လမ်းတွေဟာ ပိုကြမ်းလာတယ်၊ လူငယ်လေးဟာ အဲဒီလက်လေးကို ဖမ်းဆွဲတယ်၊ အခိုးအငွေ့ကို ဖမ်းဆုပ်ရသလိုမျိုးပဲမို့ မမီပါဘူး။
သူကျန်ခဲ့တယ်၊ဒါမှ မဟုတ် သူနေခဲ့တယ်။ သူကျန်နေခဲ့ရပါတယ်။
တောပန်းတောင်ပန်းတွေ ပွင့်နေပေမယ့် ဆူးချုံပန်းခက်တွေ ငုံထားတယ်။ စမ်းရေမစီး၊ငှက်ကျေးသံတွေ မကြားရတော့ဘူး။ နေရောင်ဟာ တောင်ကွယ်ဆီ မေးတင်လာပြီ၊ ရွက်ကြွေတွေ ပြန့်ကြဲလို့။
နောက်ဆုံးအခြေအနေရောလို့ မေးရင် အပေါ်ဆုံးစာကြောင်းနဲ့တင် လုံလောက်ပါတယ်။

ရိုးလူ
16.1.2017
1:37pm

Saturday, January 7, 2017

အလင်းဆိုင်

အလင်းဆိုင်
======

"အိမ်ပြန်ချင်တယ် ဟူး ဟူး၊အနွေးထွေးဆုံး အမေ့အိမ်"
ကိုငှက်ရဲ့ သီချင်းတွေ လွင့်ပျံလို့။
အလင်းဆိုင်တဲ့၊ ကြားရတာနဲ့ကို နွေးနွေးလင်းလင်းလေး။
ဘယ်မှာ ရှိသလဲ၊သွားမယ်၊ မြို့ထဲကနေတော့ တစ်နာရီခွဲလောက် သွားရမယ်။ မြောက်ဒဂုံ ရ/၈ လမ်းဆုံမှာ ရှိတဲ့ ဆိုင်လေး၊ အဓိပတိ အဝါတို့၊ ၁၇၄တို့၊ ၂၁၃ တို့ ပြေးတဲ့ လမ်းကြောင်းပေါ်။
ဆိုင်ထဲကို ဝင်တဲ့ အခိုက်မှာပဲ၊ အရာရာဟာ ဖမ်းစားလွန်း။ နံရံအပြည့် ပန်းချီကားတွေ၊ ကဗျာလက်ရေးမူတွေ။ ရှေ့အဝင်မှာ ကိုငှက် (ထူးအိမ်သင်)က ချစ်ခြင်းအားဖြင့် ပြုံးပြလို့။ ဆိုင်တည်ဆောက်ပုံကကို အနုပညာဆန်တာ။ သစ်သားစားပွဲ၊ကုလားထိုင်လေးတွေပေါ် ထိုင်ပြီးတဲ့ အထိ ကိုယ်တို့မှာ ခေါင်းခါခါ လည်ခါခါ၊ မြင်မြင်သမျှက ပြုစားထားသလိုမျိူး။
Menu ကြည့်တော့ coffee မျိူးစုံရတယ်၊ iced coffee ရတယ်၊ juices တွေ ရတယ်။ လက်ဖက်သုပ်၊ပဲခြမ်းသုပ်စတာမျိုးရတယ်၊ ကြက်ကြော်၊ sandwich စတာမျိုးလည်း ရတယ်။ စျေးတွေလည်း ချိုတယ်။ အလင်းဆိုင်ကော်ဖီဆိုတာ စမ်းသောက်ကြည့်ကြ။ coffee တစ်ခွက်နဲ့ ကိုငှက်သီချင်းတွေနဲ့ ပျော်ဝင်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းနေနေကြ။
ပြီးတော့မှ သေချာ ဆိုင်တစ်ပတ်ပတ်ကြည့်ပြီး ခံစား၊ တစ်ချို့ဟာတွေက ဓာတ်ပုံရိုက်ဖို့ မဟုတ်၊ ဒီတိုင်း ရင်သပ်ရှုမောခံစားနေတာ ပိုကောင်းရ။ ဆရာတာရာမင်းဝေ၊ ဆရာ သစ္စာနီတို့ရဲ့ ကဗျာတွေ၊ ကိုငှက်ပုံတူ ပန်းချီတွေ၊ ကိုငှက်ရဲ့ အငွေ့အသက်တွေ၊ ပန်းချီကားတွေ တစ်ချပ်ပြီး တစ်ချပ်။ ဆိုင်ထောင့်က စာအုပ်စင်လေးက စာအုပ်လည်း ယူဖတ်နိုင်၊ ဘယ်လို idea နဲ့ ဘယ်လို စေတနာမျိုးလဲ၊ ကိုယ့်မှာ ကျေးဇူးတင် အံ့သြရ။
ဆို်င်ရဲ့ ညာဘက်ခြမ်းဟာ မီးရောင်ပြာလဲ့လဲ့နဲ့ အေးစက်ညင်သာ၊ ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းဟာ သဘာဝအလင်းရောင်နဲ့ နွေးထွေးဖြာကျ။ စနေ၊တနင်္ဂနွေ မှာ တီးဝိုင်းနေရာလေးမှာ တီးကြ၊ဆိုကြသေးသတဲ့။ ဝါသနာပါတဲ့ သူတွေ အကြိုက်ပဲ။
ရှေးက ရှားပါးဇာတ်ကား ပိုစတာတွေ၊ လက်မှုပစ္စည်းတွေက ထပ်ခံစားရနိုင်တဲ့ အပိုဆု။
ကုန်ကုန်ပြောရရင်ကွယ်၊ မြို့ပြရဲ့ ဆူညံပွက်လောင်မှုတွေက ခဏပြေးချင်သူတွေအတွက် နှစ်မြုပ်ရင် နှစ်မြုပ်နိုင်သလောက် အချိန်တွေ ဘယ်လောက်ကုန်သွားမှန်း မသိစေတဲ့ နေရာတစ်ခု၊ အဲ့ဒါ အလင်းဆိုင်။

#ရိ်ုးလူ